မြတ်စွာဘုရားအား ကန်တော့ပါ၏

Blogger SongEi 

Design By Maunglay

28 Dec 2012

ချိုသာသော အလွမ်းတစ်ခု၏ နိဂုံး”(၀တ္ထုတို)

 

“မမ”
           ဆတ်ကနဲ လှည့်မကြည့်ခင် ကျွန်တော့်အသံကို ကြားလိုက်ကတည်းက သူမ မျက်နှာ ရှက်သွေးဖျာကာ တင်းမာသွားမည်ဟု ယုံကြည်ပြီး ဖြစ်သဖြင့် သိပ်တော့ အံ့သြစရာ မရှိပါ။ ကျွန်တော်ကလည်း ကျွန်တော့် ရင်တွင်းဆန္ဒ ၏တောင်းဆိုမှု အတိုင်း ပြုလုပ်ရမည်သာ ဖြစ်သည်။
       “ မမကို ကျွန်တော် ချစ်တယ်”
         သူမ၏ နူတ်ခမ်းတွေက တင်းတင်းစေ့သွားမည် ။ ပြီးတော့ တော့မျက်ဝန်း အစုံ စူးရဲလင်းပြတ်မည်။ နောက်တောက်ခေါက်သံလေးပါ ထွက်ပေါ်လာမည်။ အားလုံးမျှော်လင့်ထားသည့် အတိုင်းပင်။
          “တောက်!” 
 ထိုအရာအားလုံးကို ကျွန်တော်အပြုံးဖြင့်သာ ခံယူလိုက်ပါသည်။ ထုံးစံအတိုင်း ကျွန်တော် လှည့်ပြန်ရုံသာ ရှိတော့သည်။ သို့သော် ကျွန်တော့်ကို အံ့အားသင့်သွားစေသည်ကား ကြည်လင်တောက်ပသော သူမ၏အသံ ကြောင့်ပင် ဖြစ်သည်။
          “နင်နေဦး” 
             “ ဗျာ”
(၇)ရက်မြောက်နေ့၏ထူးခြားမှုပင်ဖြစ်သည်။ပထမဆုံးသူမအသံကိုကျွန်တော်ကြားဖူးလိုက်ခြင်း ဖြစ်သည်။ 
        “နင်ဘယ်သူလဲ”
“ကာရံငယ်ပါမမ…….မမ နာမည်ကို နွယ်လို့တော့သိထားပါတယ်။ မမက ကျိုက်ဝိုင်းမှာနေတယ်။ ပြီးတော့”
“နင်ငါ့အကြောင်း ဘယ်လောက်သိလို့လဲ”
ကျွန်တော် ဆက်ပြောမည်အလုပ် သူမက ကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
“ကျွန်တော် မမ အကြောင်း ၅၀% လောက်သိထားတယ် ဆိုတာ ယုံပါ”
ထူထဲသည့်မျက်ဝန်းတွေ အနည်းငယ် စိုက်ကျသွားဟန်ရှိ၏။ စိတ်အလိုမကျမှု အရိပ်တို့သည် သူမ၏ မျက်နှာပေါ်တွင် ထင်းထင်းပေါ်နေပေသည်။
“ငါ့မှာစေ့စပ်ထားတဲ့ သူရှိတယ်ဆိုတာရောသိရဲ့လား”
“ဟုတ်ကဲ့ ကျွန်တော်သိထားတဲ့ ၅၀% ထဲမှာအဲ့အကြောင်းလည်းပါပါတယ်…။ သူကမမ ထက်၃နှစ်လောက် ကြီးတယ်.။ မမကအဲ့လူကိုမချစ်ဘူး၊ ဒါ့ကြောင့်လက်ထပ်ဖို့ကိုတော့ မမက အချိန်ဆွဲထားတယ်။ ခန့်မှန်းခြေ၃နှစ်ပေါ့။”
“ဟင်…နင်….နင်..အဲ့လောက်တောင် သိ…သိ”  ဒီတစ်ခါ အလွန်အမင်းအံ့အားသင့်နေသူမှာ မမ ပင်ဖြစ်သည်.။ ကျွန်တ်ာပြုံးလိုက်ပြီးမှ “ကျွန်တော်ဟာ ရဲတေဇကျော် ရဲ့ညီ ဖြစ်နေလို့ပဲ”
“ဘာရယ်… ရဲတေဇကျော် ရဲ့ညီ”
“ဟုတ်တယ်မမ …ဒါပေမယ့် မမကို ကျွန်တော်တကယ်ချစ်တယ်ဆိုတာ ယုံပါ၊ တကယ်ချစ်လို့လည်း မမကိုပိုင်ဆိုင်ခွင့် ရအောင်ကြိုးစားမှာပဲ ကျွန်တော့်အကိုက အမကိုစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်ကတော့ အစွန့်အလွှတ်မခံနိုင်ဘူး”
ကျွန်တော်၏စကားများ ခြိမ်းခြောက်စကားဆန်သွားပြီး မမလန့်ဖြန့်သွားပုံရ၏။ ပြီးတော့ တုန်တုန်ယင်ယင်ဖြင့် “အခု ရဲတေဇကျော် သူ…”
“ဆုံးသွားပါပြီမမ….”
“ရှင်”
                                            
                               *******************************************************************************
               ကျွန်တော်တမင်ရင်ကော့ပြီး လက်ဖက်ရည်ဆိုင်ထဲသို့ ၀င်လိုက်သည်။ အံ့အားသင့်နေကြသူများက ထက်ကိုကို နှင့် အာကာတို့ဖြစ်သည်။ သူတို့နားဝင်ထိုင်ကာ အသင့်မှာပြီးသား အေးစက်စက်လက်ဖက်ရည်ကို တစ်ရှိန်ထိုးမော့သောက် လိုက်ပြီး
“ငါ့ရဲ တိုးတက်မှု ဘယ်လောက်မြင့်တက်သွားပြီ ဆိုတာ မြင်ပြီနော်”
“အေး……အခြေအနေကသိသိသာသာကြီးကို ပြောင်းလဲသွားပါလား”
“ဟဲ…ဟဲ”
“သွားဖြဲကြီးနဲ့ ရယ်မနေနဲ့…မင်းမမကိုလိုက်ပြောတာ ဒီနေ့နဲ့ဆို (၇) ကြိမ်ရှိပြီ…။ (၆) ကြိမ်တိတိခါးသီးနေတဲ့ သူက ဒီနေ့ကျမှ ဘယ်လိုအချိုးပြောင်းသွားရတာလဲ..”
“လွယ်လွယ်လေးပါ…..အညှာကိုကိုင်လိုက်တာပေါ့ကွ”
“အညှာဟုတ်…မိန်းမတစ်ယောက်မှာ အညှာရှိတယ်ဟုတ်လား…အဲ့ဒါဘယ်နေရာမှာလဲ”
ထက်ကိုကိုစကားက ရယ်စရာမပါပဲ အာကာက ရယ်သည်။  ကျွန်တော်က ကျွန်တော့်၏နှလုံးသား တည့်တည့်ကိုပုတ်ပြလိုက်တယ်။
“နေပါဦးအဲ့အညှာကို မင်းကဘယ်လို ကိုင်လှုပ်လိုက်တာလဲ”
“နောက်တော့သိမှာပေါ့ကွာ လောလောဆယ်တော့ လျှို့ဝှက်ထားပါရစေဦး”
“ဈေးကကိုင်နေပြန်ပြီ” “ကဲ့ကွာ….ခေါက်ထားလိုက်စမ်းကါ.. သင်တန်းချိန်နီးပြီ သွားကြစို့”
လက်ဖက်ရည်ဖိုးရှင်းပြီး သည်နှင့် သင်တန်းသို့ချီတက်ခဲ့ကြပါသည်။ ကျွန်တော်၏ စိတ်မှာတော့ တက် ကြွလန်းဆန်းနေခဲ့ပါသည်။

                             **************************************************************
 သူမအဖို့ အိမ်မပျော်သောညပင်ဖြစ်သည်။ ကောင်လေးက ကာရန်ငယ်၊ သူမအလုပ်သွားတိုင်း မမျှော်လင့်သောအချိန်မှာ မမျှော်လင့်သောနေရာက ပေါ်လာပြီး ပြီတီတီမျက်နှာပေးဖြင့် ချစ်စကားဆိုတတ်သည်.။ သူမအလိုမကျဟန်ဖြင့် တုံ့ပြန်သည်တွင်လည်း တည်ငြိမ်စွာပင် လှည့်ပြန်သွားတတ်သည်။.
       “သူက ရဲတေဇကျော် ရဲ့ ညီတဲ့ ၊သည်လောကကြီးမှာ မရှိတော့ဘူးလား ရဲတေဇကျော် ရယ်……။”   သူမနှင့်ပတ်သတ်ခဲ့သမျှ ပိတ်ကားပေါ်တွင်တစ်ကွက်ခြင်းပေါ်လာသလို စီစီရီရီ ပေါ်လာခဲ့ရပြန်သည်။ သူမနှင့် ရဲတေဇကျော်တို့ တက္ကသိုလ် ဒုတိယနှစ်မှာ ပင်စတွေ့ခဲ့ကြပါသည်။ အဲ့ဒီနှစ်မှာပင် သူတိုနှစ်ဦး ရင်နှီးခဲ့ကျရင်း အရမ်းချစ်တဲ့ချစ်သူ ဘ၀ကို ရောက်ရှိသွားခဲ့ ကြပါတယ်။ ကျောင်းပြီးတော့ သူတို့နှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ဲ့ခဲ့ကြတော့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်သွားခဲ့တယ်။အဲ့ဒီ့နောက် ရဲတေဇကျော် သူမအရှေ့မှ အပြီးအပိုင် ပျောက်ကွယ်သွားခဲ့တယ်။ အခုတော့ သူဆုံးသွားရှာပြီတဲ့။ သူ့မ၏ပါးပြင်မှမျက်ရည် များက တစတစ ကျဆင်းနေပေသည်။
           သို့သော် သူမကဲ့သို့ ဘယ်ညာလူးလိမ့်ရင်း အိပ်မပျော်သူတစ်ဦး ရှိသည်။ သူက ကာရံငယ်။
ရပ်ဝေးတစ်နေရာက ကိုကို့ရဲ့စကားတွေ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုတိုင်ကြားယောင် နေဆဲ။
“ညီ….ကိုကို သိပ်ချစ်တဲ့ နွယ့်ရဲ့ စေ့စပ်ပွဲသတင်းကို ကိုကိုရဲ့သူငယ်ချင်းဆီကတစ်ဆင့်သိရတယ် ညီရယ်။ ..ကိုကိုဘ၀ အဓိပ္ပာယ်မဲ့သွားသလို ခံစားရတယ်။”
ကျွန်တော်ဝမ်းနည်းပက်လက် ခံစားရ၏။ ဘာလို့လဲဆိုတော့ ကိုကိုက မိသားစုအပေါ် သံယောဇဉ်ကြီးလွန်းသလို သူ့ချစ်သူအပေါ်တွင်လည်း အချစ်ကြီးချစ်တတ်သည့် နှလုံးသားနူနယ်သူတစ်ယောက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဘွဲ့ရတော့ ကိုကို နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ သူချစ်တဲ့သူတောင်နူတ်မဆက်လိုက်ရ၍ ခုထိခံစားနေရကြောင်း ကျွန်တော့်ဆီဖုန်းဆက်တိုင်းပြောသည်။ ကိုကိုကအပျော်အပါးရှိသူမဟုတ် လောင်းကစားလည်းလုံးလုံးကင်းသည်။ မိသားစုအပေါ်တွင် လွန်စွာသံယောဇဉ်ကြီးကာ တာဝန်ကျေချင်သူဖြစ်ချင်သဖြင့် တိုင်းတပါးတွင် ပင်ပန်းဆင်းရဲခံကာ အချိန်မှန်မှန် ငွေပို့ပေးခဲ့ပါသည်။ ဒါ့ကြောင့် ကျွန်တော်အတွက် ချောင်ချောင် လည်လည် ဖြစ်ခဲ့ပါတယ်။

                         ****************************************************************                 
မနက်ဖြန်ကျောင်းပိတ်သညမို့ ဒီညအပီကဲမည်ဆိုပြီးအ၀တ်အစားလဲကာ ကျွန်တော်အပေါ်ထပ်မှဆင်းလာခဲ့သည်။
“သား…..ကာရံ  ဘယ်ထွက်ဦးမလို့လဲ ၊ သိပ်အလည်လွန်နေပြီနော် လည်လွန်းတဲ့ဘီး ဘာဖြစ်တယ်ဆိုတာ သိတယ်မလား”
“သိပါတယ်မေမေရဲ့ သားရှောင်တတ်ပါတယ်”
ထိုစဉ်… “တီ….တီ…ကလင် …ကလင်….”
ကျွန်တော်ဖုန်းပြေးကိုင်လိုက်မိသည်…။ ကိုကိုဆီက ဖုန်းမလို့ အတိုင်းမသိ ပျော်ရွင်ခဲ့မိပါသည်။
“ကိုကို ညီပါ”  ညီဟုပြန်ခေါ်လိုက်သော ကိုကို၏ အသံမှာအားကိုးရာမဲ့နေသည်ပမာ ကြေကြေကွဲကွဲ ရှိနေသည်မို့ ကျွန်တော့်ရင်တွေ ဒိတ်ဒိတ်ခုန်သွားခဲ့ရသည်။
“ကိုကို ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား”
“ညီ….ကိုကို သိပ်ချစ်တဲ့ နွယ့်ရဲ့ စေ့စပ်ပွဲသတင်းကို ကိုကိုရဲ့သူငယ်ချင်းဆီကတစ်ဆင့်သိရတယ် ညီရယ်။ ..ကိုကိုဘ၀ အဓိပ္ပာယ်မဲ့သွားသလို ခံစားရတယ်။ကိုကို့ရင်ထဲမှာကိုက်ခဲနေတယ် ညီရယ် . အရင်းအနှီးဆုံးကိုကို အပေါ်နားလည်နိုင်ဆုံးတစ်ယောက်ကို ရင်ဖွင့်ချင်တယ် ။ ဒါ့ကြောင့် ညီ့ဆီဖုန်းဆက်လိုက်တာ မေ့မေ့ကိုလညိး ဂရုစိုက်ပါကွာ”
ပြောရင်းဖုန်းချသွားခဲ့တယ်။
“တောက်!”  ကျွန်တော်ဒေါသ ထွက်သွားမိသည်။
“ဘာဖြစ်တာလဲ သား…ကိုကိုက ဘာဖြစ်လို့လဲ”
“မိန်းမတစ်ယောက်ကြောင့် ကိုကိုခံစားနေရတယ်”
ကျွန်တော့်ကိုကို ကို ကြေကွဲအောင်လုပ်သည့် နွယ် .၊သူမကို ကျွန်တော် အခုအချိန်မှာ အမုန်းဆုံးပဲ ။ကိုကို အပေါ် ကြင်နာသနားလွန်း သဖြင့် မျက်ရည်များ ထွက်ကျလာမိသည်။ ရင်ထဲမှာမခံမရပ်နိုင်ဖြစ်ပြီး နဂိုက နှလုံးရောဂါ အခံရှိသူမို့ အမှောင်လောကထဲသို့ ကျွန်တော်လွင့်စင် သွားခဲ့ပါတော့သည်။

                                    ***************************************************
                     ကျွန်တော်ရဲ့နှလုံးရောဂါဟာ ပိုဆိုးနေပြီတဲ့ သာမာန်ထက်ပြင်းတဲ့နှလုံးရောဂါ။ နှလုံးသွေးကြောတွေက တပင်ကျဉ်းတပင်ကျယ် နေသည်။ ခွဲစိတ်ကုသဖို့လိုအပ်နေပြီဲ့တဲ့ ။ ဆရာဝန်ကြီးကရော မေမေကပါ စိတ်ကိုငြိမ်အောင်ထားဖို့ပြောသော်လည်း ..မည်သို့စိတ်ကိုငြိမ်အောင်ထိန်းနိုင်ပါ့မလဲ ၊ဒါ့ကြောင့်ရောဂါ ဟာပို၍ပင် ဆိုးလာခဲ့သည်။
“သားကိုကို ဆီမေမေဖုန်းဆက်ထားတယ် … သူဒီနေ့ ပြန်ရောက်မယ်တဲ့”
ကိုကို ရဲတေဇကျော် … ။ ကျွန်တော်ချစ်သောကိုကို …။ ကျွန်တော့အတွက်စိုးရီမ်ပူပန်နေပေမည်။
ကျွန်တော့ စိတ်ကနေ ကိုကို့ ကိုလှမ်း၍ပြောနေမိသေး။
     “ကျွန်တော်မသေနိုင်ပါဘူး ကိုကိုရယ် ….ကိုကို့ အတွက် ကျွန်တော့်မှာ လုပ်ပေးစရာတွေရှိသေးတယ်” ထိုနေ့ ညနေကိုကို့ ကိုမျှော်နေမိသည်။ဆရာဝန်ကြီးနှင့် မေမေက ပျာယာခတ်နေပေသည်။ မေမေ့မျက်နှာမှာ ထိခိုက်ကြေကွဲမှုတွေ မွစာကျဲနေပေသည်။
“ သား …… သားကို ခွဲစိတ်မှ ဖြစ်တော့မယ်တဲ့ ၊ သား ကိုကို ကိုမေမေပဲ သွားကြိုလိုက်တော့မယ်နော်”
ကျွန်တော်ငြင်းချင်သည်။ ကိုကို ကိုတွေ့ ပြီးမှ ကျွန်တော်ခွဲစိတ်ချင်သည်။ သို့ သော် ………..
သူနာပြုဆရာမက ဆေးတစ်လုံးလာထိုးပေးသည်။ကျွန်တော့်စိတ်တွေ ထုံကြင်ဝေမှိုင်လာပြီး အမှောင်ပကတိဖုံးလွှမ်းသွားခဲ့ပါသည်။
                              *********************************************************
အနာကွပ်ထားသည့်အဖြူရောင်တွေက ကျယ်ပြန့် ကျုံ့ ဝင်လာပြီး အဖြူရောင်လွင်ပြင်တစ်ခု ဖြစ်သွားသည်။ ထိုအဖြူရောင်သည် ဆေးရုံမှမျက်နှာကျက် ဖြစ်နေသည်။
“ သား … သတိရလာပြီလား” မျက်စိဖွင့်ဖွင့်ချင်း ကျွန်တော်ဦးစွာမေးမိလိုက်သည်က ကိုကို့ ကို
“မေမေ….ကိုကို …ရောမရောက်သေးဘူးလား” မေမေက ခပ်ယဲ့ယဲ့ပဲ ပြုံးလိုက်သည်။ မေမေက ဘာမှမဖြေခင် ဆရာဝန်ကြီးက ပြုံးရွှင်စွာဖြင့်
“မင်းနေရထိုင်ရ သက်သာတယ်နော်”
“ဟုတ်ကဲ့ …. ဆရာ”
“သား ကိုကိုက လေယာဉ်လက်မှတ် အခက်အခဲ ဖြစ်နေလို့  .. နောက်အပတ်မှ ရောက်ဖြစ်လီမ့်မယ် ..
အခုသားကျန်းမာလာပြီဆိုတော့ မေမေ သားကိုကို့ ဆီ ဖုန်းသွားဆက်လိုက်ဦးမယ်” ပြောပြောဆိုဆိုနှင့် မေမေ အပြင်သို့ ထွက်သွားခဲ့ပါသည်။ သို့ သော် မေမေမျက်နှာ မကောင်းပါ။
                 ကျွန်တော်တစ်ယောက်တည်းကျန်သောအခါ……..မျက်လုံးအစုံကို မှိတ်လိုက်သည်။ အာရုံထဲတွင် ၀ိုးတိုးဝါးတား အရိပ်တစ်ခုပေါ်လာသည်။ “နွယ်” ထိုအမည်ကို နှုတ်မှ လွတ်ကနဲ ခေါ်လိုက်မိသည်။ ကိုကို့ ကို ဒဏ်ရာတွေ ပေးသွားခဲ့သည့် နွယ်။ သူ့ ကို ကျွန်တော် တစ်ခါမှ မမြင်ဘူးပါ။ ကိုကိုပြောလို့ နာမည်ပဲကြားဘူးခဲ့တာပါ။ ကျွန်တော်အလွန်မုန်းတီးနေတဲ့ သူတစ်ယောက်။သို့ သော် ကျွန်တော်အံ့သြမိလိုက်သည်။ သူမအပေါ်တွင် ကျွန်တော်၏ ဒေါသမုန်တိုင်း ပျောက်ကင်းနေခြင်းကြောင့် ဖြစ်သည်။ ခဏအကြာ ဆေးရုံသို့ သူငယ်ချင်းတွေ ရောက်လာပြီး အားပေးကြသည်။ ဒီအတွက် ကျွန်တော် ပျော်ရပါသည်။
“မင်း ….အရင်ထက် ပိုပြီးလန်းလာတယ်၊ ...အာကာ… မင်းဒီကောင့်မျက်လုံးတွေကို သေချာကြည့်စမ်း အရင်နဲ့ သိပ်မတူဘူး၊ ဒီကောင့်မျက်လုံးတွေက အရင်ကနည်းနည်းလေးမှ ဂနာမငြီမ်ဘူး အခုသေချာကြည့်စမ်း၊ တော်တော့ကို တည်ငြီမ်သွားတယ် တွေ့ လား”
“အေး၊ ဟုတ်တယ်ကွ” ကျွန်တော့မျက်လုံးတွေတည်ငြီမ်သွားသည်တဲ့၊ ဒါဆိုကျွန်တော့စိတ်တွေကရော..... ဟုမိမိကိုယ်ကိုယ် ပြန်မေးမိသည်။ အရင်နဲ့ မတူတော့တာကို သတိထားမိလိုက်သည်။ ကျွန်တော်သိပ်ချစ်သော ကိုကို့ အတွက် လက်စားချေချင်လောက်အောင် မုန်းတီးနေသည့် မိန်းမတစ်ယောက်အပေါ်မှာပြောင်းလဲနေတဲ့ ကျွန်တော့စိတ်က ကျွန်တော့ကို သက်သေပြနေပေသည်။
           ကျွန်တော်ဆေးရုံက ဆင်းခွင့်ရခဲ့ပါပြီ။ ကျွန်တော့်ကို မေမေ လာကြိုခဲ့သည်။ အီမ်သို့ ရောက်သည်ထိ မေမေနှင့် ကျွန်တော် စကားမဆိုဖြစ်ခဲ့ကြ။ ရုတ်တရက် မေမေ့ဆီက ထွက်ပေါ်လာသော ရှိုက်သံကြောင့် “ ဟင် ? မေမေ ငိုနေတယ် ဘာဖြစ်လို့ လဲ၊ ဘာလုပ်ငိုနေတာလဲ?”
“သား…မေမေမင်းကို ဖုံးကွယ်မထားချင်ဘူး၊ ရေရှည်ဖုံးကွယ်ထားလို့ လဲ ရမယ့်ကိစ္စ မဟုတ်ဘူး၊ မင်းရဲ့ ကိုကို ….”
“ဗျာ …. ကိုကို ဘာဖြစ်လို့ လဲ မေမေ ….၊ သား ကို အမြန်ပြောစမ်းပါ …” တုန်ခါနေသောအသံမှာ မေမေ့ရှီက ထွက်ပေါ်လာခဲ့ပါသည်။
“သား ကိုကိုမရှိတော့ဘူး … သူဆုံးသွားပြီ”
“ဗျာ!!!”
“ဟုတ်တယ် သား …သားကိုကိုဟာ ပြန်ရောက်မယ်ဆိုတဲ့နေ့ မှာပဲ တကယ်ကို ပြန်ရောက်လာခဲ့တာပါ၊ ဒါပေမယ့် …..အလာမှာ ကားအက်စီးဒင့် ဖြစ်ပြီး သားတက်နေတဲ့ ဆေးရုံကို အတွင်းလူနာအဖြစ် ရောက်လာခဲ့တယ်” အဲဒီအချိန်မှာ သားက နှလုံးအစားထိုးဖို့ လိုနေတဲ့အချိန်
“ညီ …. ညီ …. မေမေ သားနှလုံးသားကို ညီ့ ကို ပေးပေးပါ”
“သတိတချက်အလည်မှာပဲ သားကိုချစ်ရှာတဲ့ ကိုကိုက သူ့ နှလုံးသားကို ပေးဆပ်ပြီး အသက်ပါသွားခဲ့တာပါပဲ” ပြောရင်း မေမေ ငိုပွဲဆင်ပါတော့သည်။
“ဒါဆို ..သားရဲ့ နှလုံးသားဟာ ကိုကို့ နှလုံးသားပေါ့၊ ကိုကို ကျွန်တော့ရင်ထဲမှာ ရှိနေတာပေါ့နော် မေမေ” ရုတ်တရက်ကြီး ကျွန်တော် ပြေးထွက်ခဲ့သည်။ ကိုကို့ အိပ်ခန်းဆီ ……. .
ကိုကို့ ဒိုင်ယာရီလေးက ပြောပြတဲ့ နွယ့် အကြောင်းကို တစွန်းတစသိလိုက်ရသလို သူမ၏  ဓာတ်ပုံကိုလဲ ကျွန်တော် တွေ့ ခွင့်ရခဲ့ပါသည်။ သို့ဖြစ်၍ ကိုကို.ဒိုင်ယာရီလေးမှ ပြောပြသော နွယ်၊ ကိုကို မြတ်နိုးစွာသိမ်းဆည်းထားတဲ့ သူမ၏ဓာတ်ပုံလေး၊ ကျွန်တော်စုံစမ်းသိရှိခဲ့ရသည့် သူမ၏အကြောင်း ၅၀% ခန့်  သူမကို ကျွန်တော် သိခွင့်ရခဲ့သည်။ ကျွန်တော်တဦးတည်းဖြစ်စေ၊ အာကာနှင့် ထက်ကိုကို တို့ ကို အဖေါ်ပြု၍ ဖြစ်စေ သူမအား ချစ်ရေးဆိုသည့် အလုပ်ကို ၀တ္တရားအရ လုပ်ကိုင်ခဲ့ပါသည်။ (၇) ကြိမ်မြောက်တွင် မမျှော်လင့်သော သူမ၏တုန်ပြန်မှုကို ရရှိခဲ့သည်။ ကျွန်တော်သည် ရဲတေဇကျော်၏ ညီကာရံငယ် ဆိုတာ သူမသိသွားခဲ့ချေပြီ။ သူမတုန်လှုပ်ရိုက်ခတ်သွားရသည်ကိုလည်း တွေ့ ခဲ့ပြီးပြီ။
            ကိုကို့ ဒိုင်ယာရီအဟောင်းလေးထဲက အသဲစကားလေးတွေ ပြန်နားထောင်ချင်သဖြင့် ပြန်၍ ဖတ်ကြည့်နေမိသည်။
             နေ့ စွဲ ………………
    မှတ်ချက်။   ။   သူ့ နာမည်က နွယ် တဲ့ ။
                       နာမည်နှင့် လိုက်ဖက်အောင် ငါ့ရဲ့ နှလုံးသားကို နွယ်တစ်ပင်လို                      
                       ရစ်ပတ်ချည်နှောင်ထားနိုင်ခဲ့တယ်။
            နေ့စွဲ………………
 မှတ်ချက်။   ။  ပြည်သူ့ ရင်ပြင်သွားတုန်းက သရဲအီမ်ထဲဝင်တော့ ကြောက်နေတဲ့ ပုံလေးက
                        ချစ်စရာလေး။  အပြန်လမ်းကားပေါ်မှာ တယောက်နဲ့ တယောက်  မသိချင်ယောင်
                       ဆောင်၊ စကားမပြောကြေးဆော့တော့..၊လုပ်ပြတဲ့အမူအရာလေးက     
                        ချစ်စရာလေး။......................................................
 ဒိုင်ယာရီစာအုပ်လေးကို ကျွန်တော်ပိတ်လိုက်ကာ နံရံတွင် ချိတ်ထားသောဂီတာကို ဖြုတ်၍ အလွမ်းသည်နေခဲ့ပါတော့သည်။ သီချင်းက “နင်ဟာငါ့ ကောင်းကင်တစ်ခုပါ။”
                                 **************************************************************
   “ ဒီနေ့  မမ နောက်ကျလိုက်တာကွာ၊ နေများမကောင်းဘူးလား မသိဘူး” လက်ဖက်ရည်ဆိုင်ထဲမှာ နေ၍ အာကာနှင့် ထက်ကိုကိုတို့ နှင့် အတူ သူမ  အလာကို စောင့်နေမိသည်။
 “ဟာ!!! ဟိုမှာလာနေပြီ ဟိတ်ကောင်” အာကာ ညွှန်ရာဆီသို့ ကျွန်တော် လှန်းကြည့်လိုက်မိသည်။ မမ ဆိုတာမှန်ပေသည်။ သို့ ပေမယ့် ကျွန်တော်မြင်လိုက်ရသည်မှာ မမတစ်ယောက်တည်းမဟုတ်၊ မမဘေးတွင် သူမနှင့်စေ့စပ်ထားပြီးခဲ့သူ ပါနေခဲ့သည်။ ကျွန်တော့်ရင်ထဲမှာ ပူပြီး တလှပ်လှပ်ခါလို့ ။
“မင်း …. ငိုနေတယ်” ထက်ကိုကိုက စကားဆိုသည်။
“တောက်!  ငါအရမ်း ခံစားရတယ်ကွာ”
“မင်းကလဲ ဒီလောက်တောင်ပဲ ဖြစ်ရတယ်၊ မေ့ပစ်လိုက်စမ်းပါကွာ”
“ငါမေ့ပစ်လို့ ရမှာ မဟုတ်ဘူး ၊ အဲဒါဘာလို့ လဲဆိုတာ သိလား” နှစ်ယောက်သား ပြိုင်တူ ခေါင်းခါခဲ့သည်။ အဖြစ်မှန်ကို ကျွန်တော်လိုလိုလားလားပဲ ဖွင့်ပြောလိုက်ပါသည်။
“ငါဟာ … ငါမဟုတ်တော့ဘူး၊ ငါ့နှလုံးသားနေရာမှာ ကိုကိုဝင်ရောက်နေပြီ၊ ကိုကို့ နှလုံးသားနဲ့ ငါ အစားထိုးခွဲစိတ်ကုသခဲ့တာ”
“ဒါဆို … မင်းကိုကိုက”    “သူ..ဆုံးပြီ”
“ဟာ!!”  “ဟင်!!”  ဖြစ်စဉ်အကုန်လုံးကို ကျွန်တော်နာနာကြင်ကြင်နဲ့ ဖွင့်ပြောခဲ့ပါတယ်။
“နွယ် ဆိုတဲ့ မမကို ကိုကိုချစ်ခဲ့သလို မမကို ငါစွန့် ခွာခွင့် မပြုနိုင်ဘူး”
“ဒါဆို..မင်း ဘာလုပ်မလဲ”
“မမကို ငါခွဲမရအောင် စွဲလန်းနေပြီဆိုမှတော့ ရအောင် ယူမှာပေါ့”
“မင်း..သူနဲ့ စေ့စပ်ထားတဲ့ သူ့ ဘက်ကလဲ ထည့်စဉ်းစားအုံးလေ” ထက်ကိုကို ပြောတာ မှန်ပါသည်။ သို့ ပေမယ့် မမကို ကျွန်တော် ဘယ်သူ့ ကိုမှ မပေးနိုင်ပါ။
                                 ***************************************************************************
                                
မမလာမည့်လမ်းမှာ ကျွန်တော်စောင့်နေခဲ့ပါသည်။ ဟော…..မကြာမီ မမလာနေပါပြီ။ ဒီတစ်ခါတော့ သူမတစ်ယောက်တည်းပင်။ ကျွန်တော် မမကို သေသေချာချာ စိုက်ကြည့်လိုက်သည်။
“ဘုရား…ဘုရား…ရဲတေဇကျော်ရဲ့ အကြည့်တွေပါ့လား”
“နင်ငါ့ကို အဲဒီအကြည့်တွေနဲ့ မကြည့်နဲ့ ၊ ငါမခံစားနိုင်ဘူး” ခပ်လေးလေး သူမ၏ စကားသံများက ကျွန်တော့နားထဲ သေသေချာချာ စိုက်ဝင်နေခဲ့သည်။ အတန်ကြာ ငြီမ်သက်ပြီးမှ ကျွန်တော်၏ နူတ်ခမ်းတစုံ ဖွင့်ဟလိုက်သည်။
“မမ”
“နင်ဘာပြောအုံးမှာလဲ၊ နင်ငါ့ကို ဆက်ပြီး မနှောင့်ယှက်ပါနဲ့ တော့”“ကျွန်တော့ နှလုံးသားတည့်တည့်ကို မမ လက်ဖ၀ါးနဲ့ ခဏလောက် စမ်းကြည့်စမ်းပါ..ခဏလေးပါ မမရယ်…ခဏလေးပါ”ကျွန်တော့၏ မျက်ရည်တို့ က ယိုစီး ကျလာခဲ့သည်။ ကျွန်တော့်အကြည့်ဒဏ်ကို မခံစားနိုင်တော့၍ ခေါင်းငုံ့ ချလိုက်သူက မမ။ အတန်ကြာ ….. သူမ၏ လက်ကလေးတဖက် တဆတ်ဆတ်တုန်ခါ မြောက်တက်လာပြီး ကျွန်တော့်နှလုံးသား တည့်တည့်ဆီသို့ ညင်သာစွာ ဖိကပ်လိုက်ပါသည်။ လှိုက်လှိုက်လှဲလှဲ ကျွန်တော် ပျော်သွားမိပါသည်။ အချစ်ဆိုသော အရာသည်လည်း ကျွန်တော့်ရင်ထဲသို့ စိမ့်ဝင်ခဲ့ပါသည်။
“ကျေးဇူးတင်ပါတယ် ..မမ၊ ကျွန်တော့် ကို ခွင့်ပြုပါဦး” ကျွန်တော်လှည့်ထွက်မည်အပြု ကျွန်တော့်လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည်။
“မမ … ခုနကထိတွေ့ လိုက်တဲ့ နှလုံးသားဟာ ကျွန်တော့နှလုံးသား မဟုတ်ပါဘူး၊ ကျွန်တော်ဟာ ကိုကိုရဲတေဇကျော်ရဲ့ နှလုံးသားနဲ့ အသက်ရှင်နေရတဲ့ သူပါဗျာ” သူမ ထို အကြောင်းများကို ကျွန်တော့သူငယ်ချင်းများထံမှ သိရှိပြီး ဖြစ်သည်။
“ရဲတေဇကျော်ရယ်…..”
ကိုကို့ နာမည်ကို ဖွဖွလေးရွှတ်ကာ ကျွန်တော့်ရင်ခွင်ထဲသို့ သူမ ညင်သာစွာ တိုးဝင်ခဲ့ပါသည်။
“ကျွန်တော့်ရင်ခွင်ထဲ အေးချမ်းစွာ လှဲလှောင်းနေပါ မမ၊ မမကို ကျွန်တော် ဘယ်တော့မှခွဲမသွားပါဘူး မမရယ်”ဟုပြောရင်း …………..ကျွန်တော် သူမ၏ ကိုယ်လုံးလေးကို ယုယစွာ ထွေးပွေ့ လိုက်ခဲ့ပါတော့သည်။
 ပတ်ဝန်ကျင်တွင် လေပြင်လေညင်းလေးများ ဝှေ့ ဝဲစွာ တိုက်ခတ်လျက်၊ ကောင်းကင်ကြီးမှာလဲ တိမ်သားကင်စင်စွာ လှပတဲ့နေသစ်လေး အဖြစ် ကြိုဆိုနေပါတော့သည်။
                                                      *********************************
                                                             ကျေးဇူးတင်ပါသည်။
Writing by – Y’e Tay Za Kyaw
 
အမျိုးအစား ၀တ္ထုတို

No comments:

Post a Comment

မန်းဘာဝင်ရန်